ချင်းအမျိုးသားတပ်ဦး ဥက္ကဌ Pu Zing Cung မှ ချင်းလဲန်ကလပ် အဖွဲ့ဝင်များထံ ပေးပို့သော အမှာစာ

0

ချင်းအမျိုးသားတပ်ဦးနှင့် အမျိုးသားနိုင်ငံရေး

“နိုင်ငံရေး” ဟု ဆိုရာတွင် အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးဟူ၍ (၂)မျိုးခွဲခြားနိုင်ပါသည်။ ပါတီနိုင်ငံရေးသည် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ပါတီဖွဲ့စည်းထူထောင်ကာ ရွေးကောက်ပွဲဝင်၍ပြည်ထောင်စု/ပြည်နယ်အာဏာကို ရယူပြီး ပြည်ထောင်စု/ ပြည်နယ်ကို အုပ်ချုပ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးသည် ပြည်ထောင်စု/ပြည်နယ်အာဏာကို ရယူရန်မဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားအတွက် အထူးသဖြင့် အမျိုးသားပိုင်နက် နယ်မြေကို မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်ပြဌါန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရရှိပြီး ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် လှုပ်ရှားမှုဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF) သည် ချင်းအမျိုးသားများ၊ ချင်းပြည်သူ များနှင့် ချင်းလဲန်းအတွက် ကိုယ်ပိုင်ပြဌါန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသား တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် အမျိုးသားနိုငိငံရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ချင်းအမျိုးသားတို့၏ အမျိုးသား ရည်မှန်းချက်ဖြစ်သည့် ချင်းအမျိုးသားတို့၏ဆုံးရှုံးလျက်ရှိသော ကိုယ်ပိုင်ပြဌါန်းခွင့် (Self-determination)ပြန်လည်ရှိပြီး ဒီမိုကရေစီ စနစ် ကျင့်သုံးလျက်အမျိုးသားတန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ ချင်းအမျိုးသားတပ်ဦး၏ တော်လှန်စစ်သည် ပြီးမြောက်အောင်မြင်သည်ဟု ခံယူထားပေသည်။ ယင်းသို့သော အခြေအနေ မရောက်မချင်း ချင်းအမျိုးသား တပ်ဦးသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုတွင်အင်တိုက် အားတိုက်ပါဝင် လုပ်ဆောင်နေမည်ဖြစ်သည်။

၁၉၆၂ ခုနှစ်မှစ၍ စစ်အစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို အသွင်အမျိုးမျိုးဖြင့်အုပ်ချုပ်ခဲ့သည်။ စစ်တပ်အာဏာတည်မြဲရေး အတွက် ၁၉၉၃ ခုနှစ်မှ စတင်ကာ အမျိုးသားညီလာခံကို (၁၄) နှစ်ကြာ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျရေး ဆွဲခဲ့သည်။ ယင်းအမျိုးသားညီလာခံတွင် ညီလာခံကို ကာကွယ်သည့် ဥပဒေ ၅/၉၆ ထုတ်ပြန်၍ ပြည်သူလူထု ပါဝင်မှုအား ကန့်သတ် ထားခြင်း၊ “အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” အပါအဝင် ဦးတည်ချက်(၆) ချက်နှင့် အခြေခံမူ (၁၀၄) ချက်ကို ကြိုတင်ချမှတ်ကာ ညီလာခံအား ကျင်းပခြင်း၊ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲမှု မပြူလုပ်ခြင်း၊ နိုင်ငံရေးပါတီများ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မပြုခြင်း၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ တွင်အနိုင်ရသည့် ရွေးကောက်ခံကိုယ်စားလှယ်များ အကန့်အသတ်နှင့်သာ ပါဝင်ခြင်း၊ စစ်တပ်အနေဖြင့် ၄င်း၏ ခေါင်းခေါက် ရွေးချယ်ထားသော ကိုယ်စားလှယ်များနှင့်သာ ညီလာခံအား ကျင်းပပြုလုပ်ခြင်းတို့ကြောင့် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား ပြည်သူတရပ်လုံးက လက်မခံခဲ့ပေ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီအခွင့်အရေးများနှင့် အမျိုးသားတန်းတူညီမျှမှု ဖော်ဆောင်မပေးနိုင်သည့်အပြင် စစ်တပ်အား တရားဝင်တိုင်းပြည် အုပ်ချုပ်ခွင့် အာဏာပေးထားသော စစ်တပ်လွှမ်းမိုးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ အရေးကြီးသော အချက်များစွာအား စစ်တပ်သဘောဆန္ဒမပါဘဲ ပြင်ဆင်၍မရအောင် ရေးဆွဲခဲ့ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အသက်သွေးကြောဖြစ်သည့် အလျောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဖော်ဆောင်၍မရပေ။ ထိုသို့ သော အခြေအနေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စတရပ်ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် တစ်ခုတည်း သောနည်းလမ်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ လွှတ်တော်ပြင်ပဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ အစည်း အဝေးမှ ပြင်ဆင်သည့်နည်းလမ်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကမ္ဘာ့ကုလသမ္မဂ၊ ဥရောပသမ္မဂ အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံစသည့် နိုင်ငံတကာအသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံပေါင်း (၃၈) နိုင်ငံ၏ သံအမတ်ကြီးများ၊ နိုင်ငံ ပေါင်း (၁၂) နိုင်ငံ၏ တာဝန်ခံများရှေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ NCA အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး NCA နှစ်ပတ်လည် အခမ်းအနားများတွင်လည်း NCA ပါအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အကြိမ်ကြိမ် ဂတိပြုခဲ့ကြပြီးဖြစ်သည်။ ယခုအခါ (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၁၀) ဖွဲ့ဖြစ်လာပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁)(၂)(၃) အထိ သဘောတူ လက်မှတ်ရေးထိုးထားနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၂၀ အလွန်ကာလ နောင်တက်လာမည့်အစိုးရသစ်နှင့် ဆက် လက်၍ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ပြည်ထောင်စုသဘောတူညီချက်များ ရယူကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကြရအုံးမည်ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် အမျိုးသားနိုင်ငံရေးလုပ်ဆောင်ရာတွင် အင်အားစု (၅) စုနှင့်အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ယင်းအင်အားစုများမှာ

(၁) ချင်းအမျိုးသားပြည်သူများအပါအဝင် ပြည်တွင်း ပြည်ပ မှ တိုင်းရင်းသားပြည်သူများ၊

(၂) ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့် အခွင့်အရေးများ အပြည့်အဝအာမခံချက်

ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လိုသည့်

နိုင်ငံရေးပါတီများ၊

(၃) လူထုအဓိကလူ့အဖွဲ့အစည်းများ (CBOs, CSOs)

(၄) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊

(၅) NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲံ့ကြသည့် နိုင်ငံများနှင့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှု တို့ကို

လိုလားသည့် နိုင်ငံတကာမိသားစုများ တို့ဖြစ်သည်။

ထို့ကြောင့် ချင်းပြည်သူများနှင့် ချင်းလဲန်းကလပ်အဖွဲ့ဝင်များအနေဖြင့် မည်သို့သော နိုင်ငံရေးဂယက်များ ရှိနေစေကာမူ မိမိတို့၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် ချင်းအမျိုးသားတို့ကိုယ်ပိုင်ပြဌါန်းခွင့်ပြန်လည်ရရှိရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် တန်းတူ ညီမျှမှုရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသို့ မရောက်မချင်း စည်းစည်းလုံးလုံးဖြင့် အင်အားစု (၅)စု နှင့်အတူ မမှိတ် မသုန် ရှေ့သို့ အတူတကွ ချီတက်ကြပါစို့ဟု တိုက်တွန်း နိုးဆော်လိုက်ရပေသည်။

Zing Cung

ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး

2020 October

Share.
Leave A Reply