
၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ- ၂ Dr. Lian Hmung Sakhong ပြောကြားသော မိန့်ခွန်း
Admin, 20-2-2021
လေးစားအပ်ပါသော ချင်းပြည်သူအပေါင်းနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့ ခင်ဗျား-
ဒီနေ့ဟာ ၇၃ နှစ်မြောက် “ချင်းအမျိုးသားနေ့” ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ကို Chin Community မှ ချင်းလူထုကြီးနဲ့ ပါဝင်ဆင်နွှဲပြီး မိန့်ခွန်းပြောကြားဖို့ဖြစ်ပေမဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အခုလို online ကနေ ပြော ကြားရခြင်း ဖြစ်ပါတယ်။
ချင်းအမျိုးသားနေ့ဟာ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ချင်းအမျိုးသားများက ကျင့်သုံးရမယ့် နိုင်ငံရေးစနစ် အဖြစ် ရွေးချယ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ဖလမ်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိုးသား ညီလာခံကြီးမှာ ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်အသီးသီးမှ တက်ရောက်လာကြတဲ့ လူထုခေါင်းဆောင်များ၊ လူထုကိုယ်စားလှယ် ကြီးများက ကျွန်တော်တို့ ချင်းလူမျိုးများ ရိုးရာဓလေ့ထုံး တမ်းစဉ်လာအရ ကျင့်သုံးအုပ်ချုပ်လာခဲ့တဲ့ Ram-uk အုပ်ချုပ်ရေးစနစ်ခေါ် မြေရှင်ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ပစ်ပယ်ပြီး ဒီမိုကရေစီစနစ်ကို မိမိတို့လူမျိုး ကျင့်သုံးမယ့် နိုင်ငံရေးစနစ်အဖြစ် ရွေးချယ် ခဲ့ကြပါတယ်။ ဒီလို ဒီမို ကရေစီစနစ်ကို ရွေးချယ်ခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို အခုလို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပပေးရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ချင်းလူမျိုးများဟာ နယ်ချဲ့ဗြိတိသျှလက်အောက်သို့ မကျရောက်ခင် သီးခြားလွတ်လပ်တဲ့ လူမျိုး တစ်မျိုးဖြစ်ခဲ့ပါ တယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ပြည်ထောင်စုမြန်မာနိုင်ငံမှာ ချင်းလူမျိုးများဟာ အဖွဲ့ဝင်ပြည်နယ်အဖြစ် ပါဝင်ရခြင်းဖြစ် ပါတယ်။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းပြည်၊ ကချင်ပြည်နဲ့ ပြည်ထောင်စုရှမ်းပြည်တို့ကို ပင်လုံစာချုပ်မှာ နိုင်ငံရေးအာမခံချက် နှစ်ခု ပေးထားခဲ့ပါတယ်။ အဲ့ဒီ အာမခံချက် ကို ပင်လုံစာချုပ် အပိုဒ် (၅) နဲ့ အပိုဒ် (၇) တို့မှာ ရှင်းရှင်းလင်းလင်း ရေးထားခဲ့ပါတယ်။ ပင်လုံစာချုပ်အပိုဒ် (၅) မှာ တောင်တန်းဒေသ များလို့ခေါ်ခဲ့တဲ့ ချင်းပြည်၊ ကချင်ပြည်နဲ့၊ ပြည် ထောင်စုရှမ်းပြည် တို့ရဲ့ နယ်တွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိရမယ်လို့ အာမခံချက် ပေးထားပါတယ်။ အဲ့ဒီကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခြင်း တို့ကို မည် သို့အခါမျှ ရုတ်သိမ်းခြင်းမရှိစေရလို့ ပင်လုံစာချုပ်အပိုဒ် (၅) မှာ ထပ်လောင်းရေးသားထားပါတယ်။
ပင်လုံစာချုပ် အပိုဒ် (၇) မှာ ချင်းပြည်၊ ကချင်ပြည်နဲ့ ပြည်ထောင်စုရှမ်းပြည်တို့မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရ မယ်လို့ အာမခံချက် ပေးထားပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးအပြင် ဒီမိုကရေစီအခွင့်အရေးများနဲ့ ဒီမိုကရေစီ ရပိုင်ခွင့်များကိုလည်း အပြည့်အဝ ခံစားခွင့်ရှိစေရမယ်လို့ ကျွန်တော်တို့ကို အာမခံချက်ပေးထားပါတယ်။ ပင်လုံစာချုပ်က ကျွန်တော်တို့ ချင်းပြည်၊ ကချင်ပြည်နဲ့ ပြည်ထောင်စုရှမ်းပြည်တို့ကို ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးကို အပြည့်အဝ အာမခံချက်ပေးထားတဲ့ အတွက်ကြောင့် ယခုလို ချင်းပြည်နယ်၊ ကချင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအဖြစ်နဲ့ ပါဝင် နေရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်း၊ ကချင်နဲ့ ရှမ်းတို့ကို ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့် အရေးများ ပင်လုံစာချုပ်က အပြည့်အဝပေးခဲ့တာ ကျွန်တော်တို့ လူမျိုးသုံးမျိုးကိုပဲ ပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်နယ် သုံးခုကိုပဲ ပေးခဲ့တာ မဟုတ်ပါဘူး။ ပြည်ထောင်စုတဝှမ်းလုံးမှာရှိတဲ့ တိုင်း ရင်းသားလူမျိုးပေါင်းစုံကို ဒီမိုကရေစီအခွင့်အရေး ပေးထား တာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ပေး ထားခဲ့ပါတယ်။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရှိပြီးလို့ ရှိရင် ဒီမိုကရေစီစနစ်ကို ပြည် ထောင်စုတဝှမ်းလုံးမှာ ကျင့်သုံးရမယ်ဆိုပြီးတော့ ကတိပေးထားခဲ့ပါတယ်။ ဒါတင်မကဘူး၊ ဒီမိုကရေစီ စနစ်နဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို ထူထောင်ရမယ်လို့ အာမခံချက် ပေးထားခဲ့ပါတယ်။
ချင်းပြည်သူအပေါင်းတို့ ခင်ဗျား-
အခုအချိန်မှာ ပင်လုံစာချုပ်က ကျွန်တော်တို့ကိုပေးထားတဲ့ ဒီမိုကရေစီစနစ်ကြီး အခြိမ်းခြောက်ခံနေရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗမာ့တပ်မတော် စစ်ခေါင်းဆောင်အချို့တို့က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင် ပြီး နိုင်ငံတော်အာဏာကို ပြည်သူလူထုထံမှ လုယူသိမ်းပိုက်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်အာဏာကို လုယူပြီး ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ စစ်အာဏာသိမ်းခေါင်းဆောင်များကို ပင်လုံစာချုပ်ကို လက်မှတ်ထိုး ချုပ်ဆိုခဲ့တဲ့ ကျွန်တော်တို့ ချင်းပြည် နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က မေးခွန်းထုတ်စရာ ရှိပါတယ်။ အဲ့ဒီမေးခွန်းကတော့ “ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပင်လုံစာချုပ်ကို ဆက်လက်ပြီးတော့ အသိအမှတ်ပြုခြင်း ရှိမရှိ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပင်လုံစာချုပ်ကို ဆက်လက်ပြီးတော့ အသိအမှတ်ပြု၊ လေးစားတယ်ဆိုရင် ပင်လုံစာချုပ်က အာမခံချက်ပေးထားတဲ့ ဒီမိုကရေစီစနစ်ကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ပင်လုံစာချုပ် အပိုဒ် (၇) မှာ ကျွန်တော်တို့ ချင်းပြည်၊ ကချင်ပြည်နဲ့ ပြည်ထောင်စုရှမ်းပြည်ကို အာမခံ ချက်ပေးထားတဲ့ အတိုင်း ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပြည်သူလူထုက ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ချင်းပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်အစိုးရနဲ့ ရှမ်းပြည်နယ် အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပင်လုံစာချုပ် အာမခံချက်အရ ကျွန်တော်တို့ ဖွဲ့စည်းလိုက်သော ချင်းပြည်နယ်အစိုးရ၊ ကချင်ပြည်နယ်အစိုးရနဲ့ ရှမ်းပြည်နယ် အစိုးရတို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ချက်ချင်းအသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ အသိအမှတ်ပြုရုံတင်မကဘူး ချက်ချင်းအာဏာလွှဲအပ်ပေးဖို့ လိုအပ်ပါတယ်။ အဲ့သလို အာဏာလွှဲအပ်ပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။ ပင်လုံစာချုပ်ကို ဆက်လက်ပြီး အသိအမှတ်ပြုတယ်ဆိုရင် ဒီမိုကရေစီစနစ်ကိုလည်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုတရပ်လုံးက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စား လှယ်များထံသို့ နိုင်ငံတော်အာဏာကို ခြွင်းချက်မရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမြန်ဆုံးလွှဲအပ်ဖို့ ကျွန်တော်တောင်းဆိုချင် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့အစိုးရကို ချက်ချင်း အသိအမှတ်ပြုဖို့ တောင်းဆိုချင်ပါတယ်။

ဒါတင်မကဘူး ဒီမိုကရေစီခေါင်းဆောင်များကို မတရားဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆို ချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပင်လုံစာချုပ်ကို ဆက်လက် အသိအမှတ်ပြု လေးစားတယ်ဆိုရင် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော လူထုအစိုးရထံသို့ အာဏာလွှဲပြောင်းခြင်းမှအပ တခြား ရွေးချယ်စရာနည်းလမ်း သူ့မှာ မရှိပါဘူး။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင်ကြီးများက ပင်လုံစာချုပ်ကို ဆက်လက် အသိအမှတ်ပြုတယ်ဆိုရင် ကျွန်တော်တို့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်များမှာ ပြည်နယ်အစိုးရဖွဲ့စည်းခြင်းကို ဟန့်တားခြင်း လုံးဝ မပြုလုပ် သင့်ဘူး။ ဖမ်းဆီးခြင်း လုံးဝ မပြုလုပ်သင့်ဘူး။ ပြည်ထောင်စုတဝှမ်းလုံးအတွက်လည်းပဲ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင် မြှောက်ထားသော ပြည်သူ့အစိုးရကို လေးစားအသိအမှတ်ပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ ပင်လုံစာချုပ်ကို ဥပေက္ခာပြုခြင်း၊ ဒီမိုကရေစီစနစ်ကို ရိုက်ချိုးခြင်း၊ တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် များကို ပိတ်ပင်ခြင်းတို့ဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်များ ပြည်ထောင်စုမှာ ဆက်လက် ပူးပေါင်းပါဝင်ခြင်းကို စော်ကားရာရောက်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ဖျက်ဆီးတဲ့ သမိုင်းတရားခံသာမက ပင်လုံစာချုပ်ကိုရိုက်ချိုးပြီး ပြည်ထောင်စုကြီးပြိုကွဲရေးကို ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြည်ထောင်စုရဲ့ သမိုင်းတရားခံအဖြစ် မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ်။
ချင်းပြည်သူအပေါင်းတို့ ခင်ဗျား-
ကျွန်တော်တို့ ချင်းလူမျိုးများဟာ သစ္စာရှိတဲ့ လူမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ကို ယနေ့ အထိ အပြည့်အဝ သစ္စာရှိပါတယ်။ ပင်လုံစာချုပ်ကိုအခြေခံပြီး ကျွန်တော်တို့ ပူးပေါင်းထူထောင်ခဲ့တဲ့ ပြည်ထောင်စုကြီးအပေါ်မှာလည်း သစ္စာရှိပါတယ်။ ဒါတင်မကဘူး ကျွန်တော်တို့ ချင်းလူမျိုးများကိုယ် တိုင်က မိမိတို့လူမျိုးကျင့်သုံးရမယ့် နိုင်ငံရေးစနစ်အဖြစ် ရွေးချယ်ထားတဲ့ ဒီမိုကရေစီစနစ်အပေါ်မှာ အပြည့်အဝ သစ္စာရှိပါတယ်။ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ချင်းလူမျိုးများက ဘယ်သောအခါမှ သစ္စာမဖောက်ပါဘူး။ အမြဲတမ်း ကာကွယ်ထိန်းသိမ်းပါမယ်။ ဒါကြောင့်ပဲ ဒီနေ့ ကျွန်တော်တို့ ချင်းအမျိုးသားနေ့ကို ကျင်းပနေခြင်းဖြစ်ပါ တယ်။
နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့ကို ချင်းအမျိုးသားနေ့ကနေပြီး ကျွန်တော် ကမ်းလှမ်းဖိတ်ခေါ် ချင်ပါတယ်။
ကျွန်တော်တို့ ချင်းလူမျိုးများနဲ့အတူ ပင်လုံစာချုပ်အပေါ်မှာ သစ္စာရှိကြပါ။ ကျွန်တော်တို့ ချင်းလူမျိုးများနဲ့အတူ ပြည်ထောင်စုကြီး အပေါ်မှာ သစ္စာရှိကြပါ။ ကျွန်တော်တို့ချင်းလူမျိုးများနဲ့အတူ ဒီမိုကရေစီစနစ်အပေါ်မှာ သစ္စာရှိကြပါ။ ဒီမိုကရေစီစနစ်ကို ကာကွယ် ကြပါ၊ ထိန်းသိမ်းကြပါ၊ မြှင့်တင်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Dr. Lian Hmung Sakhong
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်
