၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ- ၃ Dr. Sui Khar ပြောကြားသော မိန့်ခွန်း

0

ဝိတိုရိယ ဗဟိုဌာနချုပ်၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်

၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ Dr. Sui Khar မှ ပြောကြားသော မိန့်ခွန်း

နိဒါန်း

ယနေ့ ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ်၊ ဝိတိုရိယစခန်းမှာ ကျင်းပပြုလုပ်တဲ့ ၇၃ နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနားကို တက်ရောက်ချီမြှင့်နိုင်ကြတဲ့ ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူး-၂၊ ချင်းအမျိုးသားတပ်မတော် စစ်ဦးစီးချုပ်နဲ့တကွ အရာရှိ၊ အရာခံ၊ အကြပ်၊ ရဲဘော်ရဲမေများ၊ ဘာသာရေးခေါင်း ဆောင်များ၊ CR များ၊ ပြည်တွင်းပြည်ပမှ တက်ရောက်လာကြတဲ့ ရပ်မိရပ်ဖများအားလုံးရှေ့မှာ အခုလို မိန့်ခွန်း ပြောကြားခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်အောင် လှူဒါန်းပေးကြတဲ့ Rual u များအပေါ်မှာသော်လည်း ကောင်း၊ CACC, CHRO အပေါ်မှာသော်လည်းကောင်း၊ အကပဒေသာဖြင့် ဖျော်ဖြေသူများ၊ သီချင်းနဲ့ ဂီတအားဖြင့် ဖျော်ဖြေပေးတဲ့ Music Band အပေါ်မှာသော်လည်းကောင်း အလွန်ပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါ တယ်။ ဒီလို အဖက်ဖက်မှ ပံ့ပိုးကူညီမှုများကြောင့်သာ ဒီနေ့ ဒီနေရာမှာ ချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနိုင်ခြင်း ဖြစ်ပါတယ်။

နောက်ခံသမိုင်း

ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာရတဲ့ အဓိကအချက် (၃) ချက် ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပထမအချက်ကတော့ ချင်းဆိုတဲ့ အမျိုးသားလက္ခဏာအောက်မှာ ချင်းအမျိုးသားတရပ်လုံး ပထမဆုံးအကြိမ် ဆုံဆည်းခြင်းဖြစ်ပြီး ချင်းလူမျိုးအားလုံး ချင်းအမျိုးသားတရပ်ဖြစ်ကြောင်းကို ပြသခြင်းနဲ့ စည်းလုံးမှုကို ဖော်ပြ ခြင်းပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ချင်းအမျိုးသားတို့ရဲ့ နိုင်ငံရေးအုပ်ချုပ်မှုစနစ်ကို Ram-uk Bawi (ပဒေသရာဇ်) အုပ်ချုပ် ရေးစနစ်ကနေ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ရန်အတွက် အုတ်မြစ်ချခဲ့တဲ့နေ့ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ မိမိတို့ ချင်းလူမျိုးများဟာ သီးခြားနယ်မြေ၊ သီးခြား ဘာသာစကား၊ ရိုးရာဓလေ့နဲ့ သီးခြား သမိုင်းရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခြင်း ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးနှင့် အမျိုးသားတည်ဆောက်ရေး

လူမျိုးတစ်မျိုးမှာ စည်းလုံးညီညွတ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါမှသာ မိမိတို့ရဲ့ အမျိုးသားလုံခြုံရေး မှုလည်း ရှိမှာဖြစ်ပါတယ်။ ဒီလို စည်းလုံးညီညွတ်မှုရရှိရေးအတွက် မိမိတို့ ပိုင်ဆိုင်ထားပြီးတဲ့ National Identity ကို ပိုမိုခိုင်မာပြီး ခွန်အားရှိအောင် မြှင့်တင်ဖို့ လိုအပ်သလို မရရှိသေးတဲ့ National Identity (အမျိုးသားလက္ခဏာ) များကိုလည်း ဖန်တီးယူဖို့ လိုအပ်ပါတယ်။ တမျိုးသားလုံးက လက်ခံတဲ့ အမျိုးသားလက္ခဏာတရပ်အောက်မှာ အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အမျိုးသားဆောက်အအုံ (Nation Building) တည်ဆောက်ရေးကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မိမိတို့ ချင်းလူမျိုးများ ဒီနေ့ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုများကို အနိုင်ရရေးအတွက် ဒေသစွဲ၊ မျိုးနွယ်စွဲစိတ်ဓါတ်များကို စွန့်လွှတ်ပြီး ‘ချင်း’ ဆိုတဲ့ ထီးရိပ်အောက်မှာ စုစည်းကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ အမျိုးသားအောင်မြင်မှုကို ရရှိ နိုင်မှာဖြစ်တယ်ဆိုတာကို ဒီကနေ့ ထပ်လောင်း မှာကြားလိုပါတယ်။ ချင်းအမျိုးသားလုံခြုံမှုရှိဖို့အတွက် ချင်းဆိုတဲ့ အမျိုးသားလက္ခဏာတရပ်အောက်မှာ စုစည်းကြဖို့ အင်မတန် အရေးကြီးပါတယ်။

 

ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ရန်အတွက် လူထုဆန္ဒအရ ဆုံးဖြတ်ခြင်းဟာ ကိုယ် ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ပဒေသရာဇ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့အတွက် ဆုံးဖြတ်ချက်ကို လက်ခံခဲ့တဲ့ Ram-uk Bawi များကို အထူး ချီးကျူးမိပါတယ်။ Ramuk Bawi များထံ ကျေးဇူးတင် စကား ပြောကြားလိုပါတယ်။ Ram-uk bawi များဟာ သူတို့ရဲ့ အာဏာနဲ့ အုပ်ချုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ယခင် က ဒီနေ့လို စည်းမျဉ်းဥပဒေတွေ မရှိပါဘူး၊ ကာကွယ်မှုဆိုတာလည်း မရှိပါဘူး၊ အဲ့ဒီအချိန်ကတော့ ရန်နဲ့ စစ်ကြား မှာ ရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ ရွာတစ်ရွာကို တည်ထောင်မယ်ဆိုရင် အဲ့ဒီရွာ၊ အဲ့ဒီနယ်ကို ကာကွယ်နိုင်မယ့်သူ က Khua Bawi လုပ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ အကာအကွယ်မယူနိုင်ဘူးဆိုရင် သတ္တိရှိသူ၊ မိမိတို့ကို ကာကွယ်နိုင်မယ့်သူကို ဖိတ်ခေါ်ခန့်အပ်ကြပြီး အုပ်ချုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူတပါး မလိုလားဘဲ ကျူး ကျော် အုပ်ချုပ်ခဲ့ကြတာမဟုတ်ဘူး။ ပြည်သူက ဖိတ်ကြားထားသူတွေက ပြည်သူဆန္ဒနဲ့ အုပ်ချုပ်တဲ့ Ram-uk bawi များ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ခေတ်အပြောင်းအလဲနဲ့အတူ အုပ်ချုပ်မှုစနစ်တွေလည်း ပြောင်းလဲလာတာနဲ့ အမျှ စည်းမျဉ်းဥပဒေတွေလည်း ပြဌာန်းလာနိုင်တဲ့အခါ Ram-uk Bawi စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ရန်အတွက် Ram-uk မင်းများက လှိုက်လှဲစွာပဲ လက်ခံခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့ ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အချိန်အခါမျိုးမှာ Ram-uk မင်းများရဲ့ သဘောထားကြီးမှု၊ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးမှုများ ပြည်သူက မမေ့သင့်ဘူးလို့ ပြောကြားလိုပါတယ်။

ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်

၁၉၄၈ ခုနှစ်မှာ ချင်းလူမျိုးများက ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးလာခဲ့ကြသလို နောက်နောင်မှာလည်း ကိုယ်ပိုင် ပြဌာန်းခွင့်အခွင့်အရေးကို ဆက်လက် ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဒီအခွင့်အရေးကို ရရှိဖို့အတွက် အားလုံး အပေါ်မှာ တာဝန်ရှိပါတယ်။

လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ယခင်က ရှိခဲ့ဖူးတာမဟုတ်ပါ။ ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ ချင်း၊ ကချင်၊ ရှမ်းနဲ့ ဗမာတို့က ပင်လုံသဘောတူညီချက်အတိုင်း တည်ထောင်ခဲ့တဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ ဘယ်ရှင်ဘုရင်က တည်ထောင်ခဲ့တာ မဟုတ်သလို၊ ဘယ်သူ စစ်ဗိုလ်ကြီးက တည်ထောင်ခဲ့တာလည်း မဟုတ်ပါ ဘူး။ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ လူမျိုးလေးမျိုးရဲ့ သဘောတူညီချက်နဲ့ တည်ထောင်ခဲ့ကြတာ ဖြစ် ပါတယ်။ အဲ့ဒါကြောင့် ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာ ပင်လုံစာချုပ်က ပေါက်ဖွားလာတာ ဖြစ်ပါ တယ်။

ပင်လုံစာချုပ်လို့ ဆိုတဲ့နေရာမှာ စာချုပ်တစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ပင်လုံစာချုပ်ကို ကြည့်တိုင်း အောင်ဆန်း-အက်တလီစာချုပ်ကိုလည်း ဖတ်ဖို့လိုပါတယ်။ အဲ့ဒီနောက် Frontier Areas of Enquiry Committee အစီရင်ခံစာ၊ ပင်လုံကို တက်ရောက်ကြတဲ့ လူမျိုးကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်နဲ့ ကတိကဝတ်တွေကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှ ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ပြည့်စုံပါတယ်။ ချင်း၊ ကချင်၊ ရှမ်းနဲ့ ဗမာတို့က ပြည်ထောင်စုကို တည်ထောင်ဖို့ သဘောတူတဲ့နေရာမှာ မိမိတို့လူမျိုးရဲ့ ပကတိအနေအထားအတိုင်း ပြည်ထောင် စုမှာ လွတ်လပ်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိရန်အတွက် သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ကျွန်တော်တို့ လူမျိုးတိုင်းစီရဲ့ ပြည်ထောင်စုဖြစ်တဲ့ အတွက် ကျွန်တော်တို့အားလုံးဟာ ဧည့်သည်တွေ မဟုတ်သလို တစ်ခဏတာတည်းခိုတဲ့ ဟိုတယ်လည်း မဟုတ်ရ ပါ။ ဒီပြည်ထောင်စုဟာ ကျွန်တော်တို့ရဲ့ အိမ်၊ နိုင်ငံဖြစ်တဲ့အတွက် ကိုယ့်အိမ်၊ ကိုယ့်ယာလို နေထိုင်ကြဖို့အတွက် အဓိကထောက်တိုင်ဖြစ်တဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်သွားဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးကာလမှ ယနေ့အထိ ဒီအခြေခံအခွင့်အရေးတွေကို ရရှိ၊ မခံစားခဲ့ကြပါ။ အဲ့ဒါကြောင့် “ချင်းအမျိုးသားတပ်ဦး” ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦးရဲ့ ရည်မှန်းချက်ဟာ ပင်လုံ စာချုပ်ရဲ့ အဓိက အချက်သုံးချက်ဖြစ်တဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့် အဝ ရရှိဖို့ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရခြင်း ဖြစ်ပါတယ်။ ဒီသုံးချက် ရရှိနိုင်ရေးအတွက် အဓိကဟာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့လိုလားတဲ့ အခွင့်အရေးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ချင်းအမျိုးသားတပ်ဦးက ကြိုးစား တိုက်ပွဲဝင်နေတဲ့အချက် ဖြစ်ပါတယ်။ ဒီလို ဆင်နွှဲတဲ့နေရာမှာ စစ်ရေး၊ နိုင်ငံရေးအားဖြင့် မဟာဗျုဟာ၊ နည်းဗျုဟာ များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံရေးအခြေအနေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝ ကာကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း အားလုံး သိပြီးဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၀) နှစ်ကျင့်သုံးပြီး တဲ့နောက်ပိုင်း နဂိုမူလနေရာကို ပြန်ရောက်သွားခဲ့ပါတယ်။ တနည်းပြောရမယ်ဆိုရင် (၁၀) နှစ်အကြာမှာ စစ်အုပ် ချုပ်ရေးအောက်ကို ပြန်ရောက်သွားကြတယ်။ ဒီစစ်တပ်အုပ်ချုပ်ရေးဟာ ကျွန်တော်တို့ ချင်းလူမျိုးများတင်မက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအားလုံးက လက်မခံနိုင်တဲ့အတွက် နည်းမျိုးစုံနဲ့ ကန့်ကွက်နေ ကြပါတယ်။ လူငယ်တွေက Generation Z, အစိုးရဝန်ထမ်းများက Civil Disobedience Movement- CDM, ၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်အမတ်များက Committee for Representing Pyidaungsu hluttaw or State hluttaw- CRPH ကိုဖွဲ့စည်းပြီး လှုပ်ရှားမှုများကို အသီးသီး ပြုလုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုများရဲ့ အဓိကပစ်မှဟာ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကို အမြစ်ပြတ် ဖြုတ်ချ ရေးပဲ ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦးအနေနဲ့ အဲ့ဒီလှုပ်ရှားမှုအားလုံးကို ထောက်ခံအားပေးပြီး လိုအပ်သလို ကူညီပံ့ပိုးသွားဖို့ ဆုံးဖြတ်ချက် ချမှတ်ထားပြီးဖြစ်ပါတယ်။ မိမိတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်ကြေညာချက်အားဖြင့် သော်လည်း ကောင်း၊ သတင်းမီဒီယာဖြင့် သော်လည်းကောင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အဲ့ဒါတင်မက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်- NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ကလည်း အစည်းအဝေး လုပ်နေပါတယ်။ လက်ရှိအချိန်အထိ သဘောတူညီထားချက်အရ မိမိကိုယ်မိမိ အစိုးရဟု သတ်မှတ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အသိအမှတ်မပြု ရှုံ့ချကြောင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ရပ်ဆိုင်း ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ မကြာခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့- PPST က တရားဝင် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။ တချို့အမြင်အရ ခေတ်အဆက်ဆက် စစ်တပ်ကို အနိုင်မတိုက်ခဲ့ကြဘူးလို့ ဆိုကြပါ တယ်။ ဒါပေမဲ့ ဒီနေ့လှုပ်ရှားမှုဟာ ယခင်က လှုပ်ရှားမှုတွေနဲ့ မတူပါဘူး။ ၁၉၈၈ ရှစ်လေးလုံးအရေးအခင်းမှာ သန်းနဲ့ချီတဲ့ လူထုက လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒီအချိန်က တတ်နိုင်ခဲ့သည်မှာ မြန်မာ့ဆိုရှယ် လစ်ပါတီဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီက စစ်တပ်ကို ကျော့ထောက်နောက်ခံတစ်ခုအနေနဲ့ ထားခဲ့ ပါတယ်။ ဒီကနေ့မှာဆိုရင် ဒီစစ်တပ်ရဲ့နောက်ခံမှာ ဘာတစ်ခုမှ အကာအကွယ် မရှိတော့ပါဘူး။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့အတွက် ဒါကို ကျော်ဖြတ်နိုင်မယ်ဆိုရင် နောက်ဆုံး ဂိုးသွင်းဖို့ပဲ ကျန်ပါတော့တယ်။

အဲ့ဒါကြောင့် ဒီကနေ့ ဒီနေရာမှာ ကျင်းပတဲ့ “၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား” ကို တက်ရောက် လာကြတဲ့ အယောက်စီတိုင်းကို တိုက်တွန်းလိုတာကတော့ ဒီကနေ့ဟာ စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ကို ဖြိုခွဲဖို့ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်တယ်။ ဒီအနောက်ဖက်မှာ အတားအဆီး အဟန့်အတားဆိုတာ မရှိတော့ ဘူး။ အဲ့ဒါကြောင့် ဒီအချိန်ဟာ ချင်းလူမျိုးများအတွက် အရေးကြီးဆုံးအချိန်၊ အခွင့်အခါ အကောင်းဆုံးအချိန် လည်း ဖြစ်တယ်။ မိမိတို့အနေနဲ့ စစ်အုပ်ချုပ်ရေးကို အမြစ်ပြတ်ဖြိုခွဲရေးအတွက်ဆိုရင် စစ်တပ်က ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ လိုအပ်ပါတယ်။ အဲ့ဒီ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ကျွန်တော်တို့ နှစ်ပေါင်း (၇၀) ကျော်ကြာ သိမ်းပိုက်ခံထားတဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အခိုက်အမာ ပြဌာန်းဖို့ လိုအပ်ပါတယ်။

နိဂုံး

ထို့ကြောင့် ဒီနေ့လို ချင်းအမျိုးသားများ စည်းလုံးညီညွတ်မှု လိုအပ်တဲ့အချိန် မရှိသလို ယနေ့လို ချင်းအမျိုးသား များအားလုံး အတူလက်တွဲပြီး ဆင်နွှဲရမယ့် အခွင့်အရေး၊ အရေးကြီးတဲ့အချိန်လည်း ထပ်ကြုံအုံးမယ်လို့ မထင်ဘူး။ အခွင့်အခါကောင်းရှိတဲ့အချိန်မှာ အားလုံး အတူလက်တွဲပြီး အမျိုးသားရေးအတွက် ဆင်နွှဲကြရအောင်။

၁၉၄၈ ခုနှစ် “ချင်းအမျိုးသားညီလာခံကြီးမှာ” ချင်းလူမျိုးများရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ကြသလို လက်ရှိအချိန်မှာလည်း မိမိတို့ ချင်းလဲန်နဲ့ ချင်းလူမျိုးအတွက် စည်းစည်းလုံးလုံး တိုက်ပွဲဝင်ကြရအောင်လို့ တိုက် တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Dr. Sui Khar

Camp Victoria

20.02.2021

 

Share.
Leave A Reply