ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး၏ ၂၀၂၁ နှစ်သစ်သဝဏ်လွှာ

0

ချင်းအမျိုးသားတပ်ဉီး အထွေထွေအတွင်းရေးမှူး Salai Thla Hei နှစ်သစ်သဝဏ်လွှာ

ချင်းလဲန်းကလပ်အဖွဲ့ဝင်များနဲ့ ချင်းပြည်သူအယောက်စီတိုင်းအပေါ် နှစ်သစ်မင်္ဂလာ ကျရောက်ပါစေကြောင်း ချင်းအမျိုးသားတပ်ဉီး၊ တပ်မတော်ကိုယ်စား နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်၊ အတွေးသစ်အမြင်သစ်၊ ခွန်အားသစ်တို့ဖြင့် အမျိုးသားတည်ဆောက်ရေး၊ အမျိုးသားကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ကျော်လွန်ခဲ့ပြီးသော ၂၀၂၀ ပြည့်နှစ်ဟာ အမည်းစွန်းသော နှစ်တစ်နှစ်အဖြစ် သမိုင်းမှာ ကျန်ရစ်တော့မှာ ဖြစ်ပါ တယ်။ COVID- 19 ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ လူနေမှု၊ အသက်မွေးဝမ်းကျောင်း အခက်အခဲ တွေ၊ စီးပွားရေးအခက်အခဲစတဲ့ ဒုက္ခပေါင်းများစွာဟာ လူပုဂ္ဂိုလ်အများအပြားနဲ့ နိုင်ငံပေါင်းများစွာအတွက် စိုးရိမ် စရာပဲ ဖြစ်ပါတယ်။

အမျိုးသားတော်လှန်ရေးအနေအထားနဲ့ သုံးသပ်ကြည့်မယ်ဆိုရင်လည်း ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့ ဒုက္ခပေါင်းများစွာကြားမှာ တစ်မျိုးသားလုံးကို ကွယ်ကာစောင့်ရှောက်ပြီး နှစ်သစ်အထိ ပို့ဆောင်ခဲ့သည်သာမက အမျိုးသားတော်လှန်ရေးမှာလည်း အခက်အခဲ၊ စိန်ခေါ်မှုများစွာကြားက လမ်းပြပို့ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ချင်းလဲန်းကလပ်ဝင်ကြေးအားဖြင့် သော်လည်းကောင်း၊ UCCF မစ်ရှင်အတွက် သော်လည်း ကောင်း၊ ပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်က သော်လည်းကောင်း၊ မိသားစုဖြင့် သော်လည်းကောင်း ပေးကမ်းလှူဒါန်း  သည့် ငွေကြေး၊ အစားအသောက်နှင့် အသုံးဆောင်ပစ္စည်းများ၊ အလှူဓါနများ၊ ဆုတောင်းပေးမှုများ၊ ဌာနချုပ်နှင့် မိမိတို့ စခန်းများတိုင် လာရောက်အားပေးမှုများ အစရှိသဖြင့် ဘက်ပေါင်းစုံမှ အားပေးမှုများနှင့် အားပေးသူ အားလုံးအပေါ် ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြီး ပြောကြားအပ်ပါတယ်။

ချင်းအမျိုသားတပ်ဉီးအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း သတ္တမအကြိမ် ပါတီညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အဆင့်ဆင့်သော ဗဟိုကော်မတီအစည်းအဝေး၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သုံးကြိမ်တိုင်တိုင် ပြုလုပ် နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းများ၊ အမျိုးသားတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုသို့ အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်များ၊ ပါဝင်တက်ရောက်သူများအားလုံးကို လေးစားကြောင်း နှုတ်ခွန်းဆက်အပ်ပါတယ်။

တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာ့ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလဲမှုတွေဟာ ပိုမိုမြန်ဆန်လာမှာ ဖြစ်သလို ၂၀၂၁ မှာလည်း ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ထိုပြောင်းလဲမှုတွေထဲမှာ မိမိတို့ ကြိုတင် ခန့်မှန်းထားတဲ့အရာတွေ ရှိလာနိုင်သလို မိမိတို့ မျှော်လင့်မထားတဲ့ ပြောင်းလဲမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် ဖြစ်စဉ်နဲ့ အပေါ်ယံ ပြောင်းလဲမှုသာမဟုတ်ဘဲ မိမိတို့လိုလားတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ရေးအတွက် မိမိတို့အားလုံး စုပေါင်းအင်အားဖြင့် ပြင်ဆင်မှုနဲ့ စီမံချက် (Planning & preparation) ကို သေချာစွာ ချမှတ်ကြဖို့ အထူး လိုအပ်လှပါတယ်။

၂၀၂၁ ခုနှစ်ဟာ မိမိတို့ ချင်းအမျိုးသားများအတွက် အထူးအရေးကြီးတဲ့ နှစ်တစ်နှစ် ဖြစ်တာနဲ့အညီ လူမျိုးကိုချစ် တဲ့ ချင်းအမျိုးသားတိုင်း ဆုတောင်းခြင်းတည်းသာမက ပေးဆပ်ခြင်းနှင့်အတူ လက်တွေ့အကောင်အထည်ဖော် ခြင်းအားဖြင့် ဆက်လက် ကြိုးပမ်းသွားကြရအောင်။ နှစ်သစ်မှာ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ကာကွယ်ရေး လုပ်ငန်းများကို ဆထက်တန်ပိုး ထမ်းဆောင်ကြပါစို့လို့ ဖိတ်ခေါ်အပ်ပါတယ်။

ထာ၀ရဘုရားသခင်က နှစ်သစ်မှာ အယောက်စီတိုင်းကို ကွယ်ကာစောင့်မပြီး ချင်းလဲန်နှင့် ချင်းအမျိုးသားအားလုံး ကို ကောင်းကြီး ပေးသနားတော်မူပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Salai Thla Hei

In the middle of every difficulty lies opportunity. Harnak kip lakah hmuhsung a um. Albert Einstein

Share.
Leave A Reply