ချင်းအမျိုးသားအလံတော် မလဲစေရ

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲလျက် အမျိုးသားအလံတော်ကို မြဲမြဲဆုပ်ကိုင်ရင်း မိမိတို့ပန်းတိုင်အရောက် ချီတက်လျက်ရှိသည်။ မိမိတို့ စီးသည့်လှေ သေးသော်ငြားလည်း သာယာဝပြောသော ချင်းလဲန်ကို ရောက်ရှိနိုင်ရန်အတွက် မိမိတို့လှေသည် မိမိ တို့၏ အမျိုးသားအလံတော်နှင့်အတူ ပင်လယ်ပြင်ကြီးထဲ၌ စီးမြောလျက်။ မုန်တိုင်းများ မည်မျှထန်၍ လှိုင်းများ မည်မျှပင် ကြမ်းနေပါစေ၊ မိမိတို့ စီးနေသည့် တော်လှန်ရေးလှေလေး မတိမ်းမှောက်ရေးသည် အဓိကဖြစ်သည်။ မပျက်စီးလျှင် ဖြည်းဖြည်းချင်း တွန်းပို့ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဧကန်မလွဲ ရောက်ရှိမည်ဖြစ်သည်။ အတားအဆီး စိန်ခေါ်မှု အမျိုးမျိုးကြောင့် ပန်းတိုင်ကို မည်သည့်အချိန်ရောက်ရှိနိုင်မည်မှာ မသေချာသော်လည်း စိတ်ဆန္ဒအမှန်ရှိပါက မလွဲမသွေ ရောက်ရမည်သာ ဖြစ်သည်။
စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ (၁၉) ရက်မှ (၂၁) ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့ကြပါသည်။ ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်များသည် လည်း စားပွဲပေါ်တိုက်ပွဲအတွက် ကာယ၊ ဉာဏ္ဏစွမ်းအားရှိသမျှ ပါဝင်ခဲ့ကြပါသည်။ မိမိတို့ ခေါင်းဆောင်များသည် တိုင်းရင်းသားအဆင့်သော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်တွင် သော်လည်းကောင်း ခေသူများ မဟုတ်ကြပါ၊ ရှေ့တန်းမှာ ရှိနေကြသည်ဟုဆိုလျှင် မှားမည်မထင်ပေ။ မိမိတို့ စိတ်တိုင်းကျ ရလဒ်မထွက်သေးဟု ဆိုရမည်ဖြစ် သော်လည်း တိုးတက်မှုရှိသည်မှာ သေချာပါသည်။ ချင်းလူမျိုးအားလုံးက ကူညီပံ့ပိုးသွားရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ ကိုယ်စိတ်နှလုံး မောပန်းမှုကို ချောသိမ့်ရန်လည်း လိုအပ်ပါသည်။
ဤမျှမကသေးပါ။ ၂၁ ရာစုပင်လုံအစည်းအဝေးပြီးပြီးချင်း ဝိတိုရိယ ဗဟိုဌာနချုပ်သို့ ရောက်ရှိကာ အခြေခံ နိုင်ငံရေးသင်တန်း၊ ပါတီကေဒါသင်တန်း၊ လူငယ်နှင့် အမျိုးသားတည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ အခြေခံ ဆေးသင်တန်း၊ လေ့ကျင့်ရေးဆရာအဖြစ်သင်တန်း.. စသဖြင့် မနားမနေ ဆက်လက် ဆောင်ရွက်ခဲ့ကြပါသည်။ ချင်းအမျိုးသားတပ်မတော်ကလည်း နေရာအလိုက်၊ ဒေသအလိုက် သင်တန်းအမျိုးမျိုးနှင့် လှုပ်ရှားမှုများကို ပြု လုပ်ပေးခဲ့ကြပြီး မိသားစုနှင့် ခွဲခွာကြသည်က များသည်။
ချင်းအမျိုးသားတပ်မတော်သည်လည်း မိမိတို့အသက်ကို ပဓါနမထားဘဲ မိမိတို့တတ်နိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပါတီအုပ်ချုပ်ရေးယန္တရားနှင့် နိုင်ငံရေးရည်မှန်းချက်ရှိရှိ လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြပါသည်။ ဤတွင် မိမိတို့၏ပေးဆပ်မှုကို အနည်းငယ်မျှ ဝေမျှလိုပါသည်။ တပ်မတော်မှ အရာရှိအချို့သည် ကင်ဆာရောဂါဖြင့် အမျိုးသမီးနာမကျန်းဖြစ်နေချိန်တွင်ပင် အနှစ်နှစ်အလလ မပြုစုနိုင်သည့် အဖြစ်များ၊ ၂၀၀-၃၀၀ အထိတက်ပြီး မလဲမှောက်ရုံတမယ် သွေးတိုးတက်နေချိန်များတွင်ပင်လျှင် အထက်မှ ပေး အပ်သောတာဝန်ကို မလွန်ဆန်ဘဲ ကျေပွန်သွားခဲ့သူများ ဖြစ်ပါသည်။ ဤသည်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် စံပြုထိုက်သော ပေးဆပ်မှုများပင် ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို တည်ဆောက်ရာမှာ ချင်းလူမျိုးတစ်မျိုးတည်း၊ ချင်းအမျိုးသားတပ်ဦး ခေါင်း ဆောင်များတည်း၊ ချင်းအမျိုးသားတပ်ဦး တစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါ။ ချင်းတစ်မျိုးသားလုံးက မိမိတို့ တတ်နိုင်သည့် ဉာဏ်ပညာ၊ အတွေးအခေါ်၊ ဉစ္စာ၊ ဓနအင်အားများဖြင့် ပါဝင်ကြမှသာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ် နိုင်ငံကို တည်ထောင်နိုင်မည်ဖြစ်သည်။ လူကြီး၊ လူငယ်၊ ကျား၊ မ၊ ဆင်းရဲချမ်းသာမရွေး နိုင်ငံနှင့် လူမျိုးအတွက် ပို စွမ်းဆောင်နိုင်သူများက ဝင်လုပ်ရန် လိုအပ်သကဲ့သို့ ကူညီထောက်ပံ့မှုလည်း လိုအပ်လှပါသည်။
ချင်းတစ်မျိုးတစ်ဦးအဖြစ် ကမ္ဘာ့အလယ်တွင် မွေးဖွားလာခြင်းမှာ အလွန် ဝမ်းမြောက်ဂုဏ်ယူစရာပင် ဖြစ်ပါသည်။ သင်နှင့် ကျွန်တော်သည် ချင်းလူမျိုးအဖြစ်ဖြင့် သား၊ မြေးနှင့် နောင်လာနောက်သားများ မွေးဖွားပေးရန်လည်း လို အပ်လှပါသည်။ ချင်းလဲန်နှင့် ချင်းလူမျိုးအတွက် အဘိုးဘွားတို့က အမျိုးသားလှုပ်ရှားမှု ပြုလုပ်ခဲ့သည့် တန်ဖိုးကို မိမိတို့ နောင်လာနောက်သားများက ဆက်လက် ပုခုံးထမ်းကြရန် လိုအပ်ပါသည်။ တော်လှန်ရေးခရီးတွင် အမျိုးသားအလံတော်ကို ဆွဲကိုင်ရင်း အသက်စတေးခဲ့ကြသူများရှိသကဲ့သို့ ဒဏ်ရာရရှိခဲ့ကြသူများလည်း ရှိပြီး၊ ရောဂါဝေဒနာကြောင့် သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မှုကြောင့် သော်လည်းကောင်း၊ အကြောင်း ကြောင်းကြောင့် သေဆုံးခဲ့ကြသူများလည်း ရှိပါသည်။ အမျိုးသားအလံတော်ကို ဆွဲကိုင်ရင်း တိုက်ပွဲဝင်နေချိန်တွင် ရန်သူ ကျည်ဆံထိပြီး လဲကျသွားသည့်အခါ အမျိုးသားအလံ မြေမကျခင် နောင်လာနောက်သားများက လက်ဆင့် ကမ်းပြီး ရှေ့ကို ချီတက်သွားရန် လိုအပ်ပါသည်။ လဲသူကို ထူပြီး တစ်ဦးချင်းတစ်ဦး တစ်ယောက်မှ မကျန်သည့် အထိ လက်ဆင့်ကမ်းရန် လိုအပ်သည်။ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ဦးပြီးတစ်ဦး… ခရီးဆုံးအထိ..
ချင်းအမျိုးသားအလံတော်သည် ချင်းလဲန်နှင့် ချင်းအမျိုးသားကို ကိုယ်စားပြုသည်။
Pu Thomas Thang Nou (Patron)
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
