ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ
ချင်းအမျိုးသားများသည် ရှေးပဝေသဏီမှစ၍ မိမိတို့ပိုင်နက်နယ်မြေအတွင်း လွတ်လပ်အေးချမ်းစွာ နေထိုင်ခဲ့ ကြသည့် ကမ္ဘာ့အမျိုးသား လူမျိုးတစ်မျိုးပင် ဖြစ်ပါသည်။
၁၈၇၁ ခုနှစ်မှစ၍ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းပြည် (Chinland) ကို သုံးကြိမ်တိုင်တိုင် ကျူးကျော်စစ်ဆင်နွှဲ ပြီး ၁၈၈၉ ခုနှစ်တွင် ချင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့သည်။
နယ်ချဲ့ဗြိတိသျှအစိုးရသည် ချင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့ပြီးသည်နှင့် တပြိုင်နက် ချင်းပြည်သူများကို နည်းမျိုးစုံ ဖြင့် ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။ ချင်းအမျိုးသားတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည့် အခန်းကဏ္ဍ အသီးသီးတွင် နယ်ချဲ့တို့၏ ဝါဒနှင့်အညီ ခေါင်းပုံဖြတ် ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်ခဲ့ကြသော်လည်း ချင်းအမျိုးသားခေါင်းဆောင်တို့၏ မလျော့သော ဇွဲ၊ လုံ့လ၊ ဝိရိယနှင့် များပြားလှစွာသော အသက်၊ သွေး၊ ချွေးများစတေးပြီး မားမားမတ်မတ် ရပ်တည်နိုင်ခဲ့မှု ကြောင့် လူ့သဘောသဘာဝ နိယာမ၏ လွတ်လပ်ခြင်းသည် ချင်းအမျိုးသားများနှင့်အတူ အမြဲတည်နေပါ သည်။ ထိုခေတ် ထိုအခါက ချင်းမျိုးချစ်ခေါင်းဆောင်တို့၏ အမျိုးသားရေးစိတ်ဓါတ်နိုးကြားမှုဖြင့် ဗြိတိသျှကို လိုနီးဝါဒကို ဘာသာရေးအရသော်လည်းကောင်း၊ တော်လှန်ပုန်ကန် အန်တုနိုင်ခဲ့ကြသည်။
သို့နှင့် လွတ်လပ်ရေးအကြိုကာလသို့ ရောက်ရှိလာသောအခါ ဗြိတိသျှအစိုးရ၏ တောင်းဆိုချက်အရ သီးခြား လွတ်လပ်စွာရပ်တည်သော ပြည်ထောင် (နိုင်ငံ) များမှ ကိုယ်စားလှယ်များသည် ရှမ်းပြည် ပင်လုံမြို့တွင် သဘောတူစာချုပ်တရပ် ချုပ်ဆိုခဲ့ကြသည်။ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးကို အတူတကွ လျင်မြန်စွာ ရရှိ နိုင်ရေးအတွက် ထိုစာချုပ်ကို ချုပ်ဆိုရာတွင် ပြည်ထောင်အသီးသီးမှ ကိုယ်စားလှယ်များသည် မိမိတို့ အမျိုး သားများ၏ လွတ်လပ်ရေးကို အဓိက ထိန်းသိမ်းကာကွယ်ခဲ့ကြပါသည်။ ဤအချက်ကို မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိပြီး သီးခြားလွတ်လပ်သော ပြည်ထောင်များမှ ကိုယ်စားလှယ်တော်များအားလုံး တညီတညွတ်တည်း သဘောတူညီချက်ဖြင့် အတည်ပြုခဲ့ကြသော ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် ခွဲ ထွက်ခွင့် ပုဒ်မ (ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းသည့်အခါ အခန်း ၁၀ ပုဒ်မ ၂၀၁ နှင့် ၂၀၂ တွင် အတိအလင်း ဖော်ပြထားသည်။) ဖြင့် မိမိတို့၏ ရပ်တည်ချက်နှင့် အချင်းချင်း အပြန်အလှန် ယုံကြည် စိတ်ချမှုကို သိသာထင်ရှားစွာ ဖော်ပြထားပါသည်။
ပင်လုံသဘောတူညီချက်အရ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားများအားလုံး အတူတကွ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးကို ရယူခဲ့ကြသည်။
ထိုသို့ဖြင့် ပင်လုံသဘောတူညီချက်မှ သန္ဓေတည် မွေးဖွားလာသည့် ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို လွတ်လပ်သော ပြည်ထောင်အသီးသီးမှ ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ၁၉၄၇ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြပါသည်။ ၁၉၄၇ ခုနှစ် နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတို့မှ တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်း၏ အဓိက အကြောင်းရင်းမှာ ပင်လုံသဘောတူညီချက်၏ အဓိကရှေ့ရှုသည့် တိုင်းရင်းသားလူမျိုးများအားလုံးသည် လွတ် လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရင်း တိုးတက်ဖွံ့ဖြိုးသော တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ အေးအ တူပူအမျှ ပေါင်းစည်းနေထိုင်ရေးပင် ဖြစ်သည်။ အနှစ်သာရအားဖြင့် ပင်လုံစာချုပ်သဘောတူညီချက်နှင့် တထေရာတည်းသာ ဖြစ်ပါသည်။
ဤသို့ဖြင့် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပိုင်း ၅ တွင် ဖော်ပြထားသည့်အတိုင်း ချင်းပြည်အတွက် ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ကို အသီးသီး ဖွဲ့စည်းခဲ့ကြသည်။
ထိုအချိန်အခါက ချင်းပြည်၏ အဓိက ရင်ဆိုင်ရသော ပြဿနာမှာ ချင်းပြည်ကို မီရိုးဖလာအုပ်စိုးခဲ့ကြသော တိုက်သူကြီးများသည် နယ်ချဲ့ကိုလိုနီတို့၏ ခေတ်နောက်ပြန်ဆွဲသော အရင်းရှင် မြေရှင်ပဒေသရာဇ်စနစ်ဆိုး အမွေကို ဆက်ခံလျက် လူများစုဖြစ်သည့် ဆင်းရဲသားတောင်သူလယ်သမားများအား ဆင်းရဲသထက်ဆင်းရဲ လာအောင် အခွန်ငွေများ မတရားကောက်ခံခြင်းပင် ဖြစ်သည်။ ခေတ်နှင့် ရင်ဘောင်တန်းနိုင်ခြင်းမရှိသည့် လက်တဆုပ်စာသာသာရှိသော နယ်ချဲ့ဝါဒီအမွေခံ တိုက်သူကြီးများ၏ မတရားအခွင့်အရေးယူမှုကြောင့် အများပြည်သူ ဆင်းရဲသားများမှာ နလံမထူနိုင်လောက်အောင် တိုက်သူကြီးတို့၏ ဖိနှိပ်ချုပ်ချယ်မှုဒဏ်ကို အ လူးအလဲခံခဲ့ကြသည်။ တိုက်သူကြီးများသည် ၎င်းတို့အုပ်ချုပ်သည့် နယ်မြေအတွင်းရှိ ပြည်သူများကို မတရား အခွန်ငွေများ ကောက်ခံခြင်းဖြင့် ၎င်းတို့ ရာဇပလ္လင်တည်မြဲရေးကို ဆက်လက်ထိန်းသိမ်းခဲ့ကြပါသည်။ လူများ စုဖြစ်သော ဆင်းရဲသားပြည်သူလူထုများထံမှ လူခွန်၊ မြေခွန်နှင့် ပြောင်းခွန်နှင့် အခြားအခွန်အတုတ်များကို မတရားကောက်ခံနေခြင်းကြောင့် ဆင်းရဲသားပြည်သူအများမှာ တနေ့တခြား ဆင်းရဲသထက်ဆင်းရဲလာကြ တော့သည်။ အခွန်တော်များ ကောက်ခံရာတွင်လည်း တရားမျှတခြင်း လုံးဝမရှိပါ။ ဆင်းရဲသားတောင်သူလယ် သမားများ စိုက်ပျိုးရရှိသော ကောက်ပဲသီးနှံများမှ တစ်နှစ်အတွက် ပြောင်းခွန်အဖြစ် တချို့နေရာဒေသများ တွင် တစ်ပုံကျစီကောက်ခံစဉ် အချို့သောနယ်များတွင် တစ်ပုံးခွဲမှ တစ်နှစ်တာအတွင်း စိုက်ပျိုးထွက်ရှိသော သီးနှံအားလုံး၏ လေးပုံတစ်ပုံအထိ ကောက်ခံခဲ့ကြသည်။
လူခွန်အဖြစ် မိသားစုတစ်စုမှ တစ်နှစ်လျှင် တစ်ရက်ကျစီ တိုက်သူကြီးအိမ်တွင် အစေခံအဖြစ် အလုပ်အကျွေး ပြုရသည်။ အချို့သောနယ်များတွင် တစ်နှစ်လျှင် နှစ်ရက်ကျစီ အစေခံအဖြစ် အလုပ်လုပ်ကိုင်ပေးရသည်။
ဆင်းရဲသားတောင်သူလယ်သမားများမှ သားကောင်များ ပစ်ခတ်ရရှိသည့်အခါတိုင်း တိုက်သူကြီးများအား သားကောင်၏ ပေါင်သား သို့မဟုတ် အသဲနှလုံး သို့မဟုတ် လက်မောင်းတစ်ခုခုကို သက်သပေးကမ်းရသည်။
ထိုသို့ဖြင့် လွတ်လပ်ရေးကာလတွင် လူများစုဖြစ်သော ဆင်းရဲသားတောင်သူလယ်သမားများ၏ တိုက်သူကြီး များအပေါ် နာကျဉ်းစိတ်သည် ထိပ်ဆုံးသို့ ရောက်ရှိလာပါသည်။ သို့နှင့် ဆင်းရဲသားပြည်သူအများ၏ တောင်း ဆိုချက်ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ချင်းရေးရာဌာနမှ ဦးစီးဦးဆောင်ပြုပြီး ချင်းတောင် စုံစမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင်၏ သဘာပတိအဖြစ် ပူးဝမ္မသူးမောင် (ချင်းရေးရာဝန်ကြီး) နှင့် အတွင်းရေးမှူးအဖြစ် စည်သူဦးသိန်းမောင် (ချင်းဝိသေသတိုင်းမင်းကြီး) တို့က ကြီးမှူးဆောင်ရွက်ခဲ့ကြ သည်။
ကော်မရှင်၏ အဓိကရည်ရွယ်ချက်မှာ တိုက်သူကြီးများ၏ သဘောထားအမှန်ကို စုံစမ်းဖော်ထုတ်ရင်း တချိန် တည်းတွင် ဆင်းရဲသားပြည်သူများကို စည်းရုံးလှုံ့ဆော်ပြီး တိုက်သူကြီးများအုပ်ချုပ်ရေးကို ဖယ်ရှားရန် တိုက် တွန်းရန်ဖြစ်သည်။ ဤသို့ ပြုလုပ်ရာတွင် တိုင်းပြည်၏ အေးချမ်းတည်ငြိမ်မှုကို မထိပါးရန် အနယ်နယ်အရပ် ရပ်ရှိ တိုက်သူကြီးများနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဖြင့် ပြည်သူလူထုနှင့် အုပ်ချုပ်သူ တိုက်သူကြီးများ၏ စိတ်သဘောထားများကို တိတိကျကျ စုံစမ်းလေ့ လာသိရှိနိုင်ခဲ့ကြအပြီး ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ချင်းဝိသေသတိုင်း၏ မြို့တော် ဖလမ်းမြို့တွင် ချင်းပြည်တပြည်လုံးဆိုင်ရာ လူထုညီလာခံသဘင်ကြီးကို ကျင်းပခဲ့ကြ သည်။
ထိုညီလာခံကြီးတွင် ချင်းပြည် အနယ်နယ်အရပ်ရပ်မှ လူထု ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ညီလာခံကာ လ ၄ ရက်တာအတွင်း ညီလာခံသို့ တက်ရောက်လာကြသည့် လူထုလူတန်းစား အလွှာပေါင်းစုံမှ အဆိုပေါင်း မြောက်များစွာကို တင်သွင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည့်အနက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လူထုတရပ်လုံး၏ သဘောဆန္ဒကို ဒီမိုကရေစီနည်းလမ်းကျကျ မဲပေးခြင်းဖြင့် ဆုံးဖြတ်ခဲ့ကြသည့် အဆိုအမှတ် (၄) သည် ဤချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာရေး၏ အဓိက အချက်ဖြစ်ခဲ့ပါသည်။
အဆိုအမှတ် (၄) ကို မူရင်းအတိုင်း ဖော်ပြရပါလျှင် “တိုက်သူကြီးများဖြုတ်ချ၍ ကောင်စီဖြင့် အုပ်ချုပ်” ဟူ၍ ဖြစ်ပါသည်။ ၎င်းအဆိုကို ဆုံးဖြတ်အတည်ပြုနိုင်ရန် အတန်ကြာဆွေးနွေးကြရာ ကန့်ကွက်သူများရှိနေခြင်း ကြောင့် ကော်မရှင်သဘာပတိ ပူးဝမ္မသူးမောင်မှ လူထုတရပ်လုံး၏ ဆန္ဒသဘောထားနှင့်အညီ မဲခွဲဆုံးဖြတ်ရန် အကြံပေးသည့်အပေါ် အားလုံးက သဘောတူညီခဲ့ကြသည့်အတွက် တိုက်သူကြီးများ ဖြုတ်ချရေးအဆိုကို ဒီမို ကရေစီနည်းလမ်းကျကျ လူထုတရပ်လုံးမှ လျို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြပါသည်။ မဲခွဲဆုံးဖြတ်ရာ တွင် တိုက်သူကြီးများဖြုတ်ချရန် ထောက်ခံသည့်ဖက်မှ မဲအရေအတွက် ၅၀၀၀ ရရှိပြီး ကန့်ကွက်သည့်ဖက်မှ ၁၇ မဲသာ ရရှိသည့်အတွက် တိုက်သူကြီးများဖြုတ်ချရေးအဆိုကို အတည်ပြုလိုက်ကြပါသည်။
အထက်ပါ ဆုံးဖြတ်ချက်သည် ချင်းပြည်သူဆင်းရဲသားများအား တိုက်သူကြီးများ၏ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်ကင်းစေရုံသာမက လူထုဆန္ဒအရ ဖွဲ့စည်းထားသော ကောင်စီများဖြင့် တမျိုးသားလုံး၏ ကံကြမ္မာကို လွတ်လပ်စွာဖန်တီးခွင့် ရရှိခဲ့ကြပါသည်။ ဤသို့ဖြင့် ရှေးပဝေသဏီမှ ချင်းအမျိုးသားတရပ်လုံးကို သွေးစုပ် ခြယ်လှယ်ရင်း ချင်းပြည်ကို အုပ်စိုးမင်းမူခဲ့ကြသော တိုက်သူကြီးများ၏ အုပ်ချုပ်ရေးယန္တယားကြီးသည်လည်း လူထုကြီးတရပ်လုံး၏ သွေးစည်းညီညွတ်မှုဖြင့် အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။ ဤနေ့ရက်မြတ်ကို ၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးတွင် “ချင်းအမျိုးသားနေ့” အဖြစ် အတည်ပြုပြဌာန်းခဲ့ကြပါသည်။

ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်တဝှမ်း “ချင်းအမျိုးသားနေ့” အောင်ပွဲ သဘင်ကို ဆင်ယင်ကျင်းပခြင်းဖြစ်ပါသည်။
ချင်းပြည်သူတရပ်လုံး၏ အောင်ပွဲနေ့၊ ဒီမိုကရေစီကျကျ လူထုဆန္ဒနှင့်အညီ မတရားသွေးဆုပ်ခြယ်လှယ်သော အုပ်ချုပ်ရေးကို ချင်းပြည်တရပ်လုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်ဖြိုခွဲနိုင်ခဲ့သည့် တမျိုးသားလုံး၏ အောင်ပွဲနေ့ ဤရက်မြတ်ကို ကျွန်ုပ်တို့ ချင်းပြည်သူလူထုတရပ်လုံးမှ အသက်၊ သွေး၊ ချွေးရင်းပြီး ကမ္ဘာတည် သရွေ့ ထိန်းသိမ်းကာကွယ်ရမည်မှာ သမိုင်းပေးတာဝန်တရပ်ပင် ဖြစ်ပေသတည်း။

