ချင်းအမျိုးသားတပ်မတော် စစ်ဦးစီးချုပ်မှ ချင်းပြည်သူများထံ ပေးပို့သော ၂၀၂၁ နှစ်သစ်သဝဏ်လွှာ
မြတ်နိုးချစ်ခင်ရပါသော ချင်းအမျိုးသားပြည်သူ အယောက်စီတိုင်းအပေါ် ၂၀၂၀ ခရစ္စမတ်၏ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ သက်ရောက်ပါစေကြောင်းနှင့် ၂၀၂၁ ၏ နှစ်သစ်မင်္ဂလာအဖြာဖြာ အပြည့်အဝ ခံစားစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
Covid-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ခံစားချက်ရှိသော ချင်းပြည်သူပြည်သားများ၊ ကပ်ရောဂါဆိုးကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်နေရသော မိဘပြည်သူများနှင့် ထပ်တူ ဝမ်းနည်းပြီး နှမြောတသမိပါကြောင်းနှင့် စစ်မက်ပဋိပက္ခကြောင့် မိမိနေရပ်ကို စွန့်ခွာတိမ်းရှောင်လျက် ကျီးလန့်ဆန်စား လူမှုအတိဒုက္ခရောက်နေသော မိဘပြည်သူများအားလုံး စစ်ဘေးနှင့် ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ချင်းပြည်သူတရပ်လုံးထံမှ ပေါက်ဖွားလာသော မိမိတို့ ချင်းအမျိုးသားတပ်မတော် (CNA) သည် ချင်းအမျိုး သားတရပ်လုံး၏ ရပ်တည်ပေးမှုဖြင့် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်လမ်းညွှန်မှုကို ခံယူချက် ချင်း အမျိုးသားနိုင်ငံရေးအိမ်မက်များ လက်တွေ့ အကောင်အထည်ဖော်ရန်အလို့ငှာ မိမိအသက်ကို မဓါနမထားဘဲ ပေးဆပ်နေခဲ့ရသလို လာမည့် ၂၀၂၁ နှစ်သစ်တွင်လည်း နည်းလမ်းပေါင်းစုံဖြင့် အထက်မှပေးအပ်သော ကျရာ တာဝန်များကို အသစ်တဖန် အမျိုးသားရေးအားသစ်လောင်းပြီး ကျေပွန်စွာ ထမ်းဆောင်ဖို့ရန် သံန္နိဌာန်ချ ထားပါသည်။
ချင်းအမျိုးသားများ၏ အမျိုးသားရေးဆန္ဒဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေး နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး အကြားချုပ်ဆိုသော သဘောတူစာချုပ်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်နှင့် ပြည် ထောင်စုသဘောတူစာချုပ်အသီးသီးကို လက်မှတ်များ ရေးထိုးခဲ့ပါသည်။ အဆိုပါ စာချုပ်များ အကောင် အထည်ဖော်ဖို့ရန် ချင်းပြည်သူတရပ်လုံး တက်တက်ကြွကြွ ပါဝင်ကြရန် အလေးအနက် တိုက်တွန်းရင်း တဆက်တည်း မေတ္တာရပ်ခံ လိုပါသည်။
ယနေ့တွင် ချင်းလူမျိုးနှင့် အမိချင်းလဲန်သည် အမျိုးသားနိုင်ငံရေး အရေးပေါ်အခြေအနေတွင် ရောက်ရှိနေ ကြောင်း ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်က ရှုမြင်သုံးသပ်ရပါသည်။ အဆိုပါ အမျိုးသားကြမ္မာဆိုးမှ လွတ် မြောက်နိုင်ရန် အမျိုးသားပြန်လည်တည်ဆောက်ရေးနှင့် အမျိုးသားလုံခြုံရေးသည် မလွဲသာမရှောင်သာ လက် ငင်းဆောင်ရွက်ရမည့် အမျိုးသားတာဝန် ဖြစ်လာပါသည်။ အမျိုးသားတည်ဆောက်ရေးနှင့် လုံခြုံရေးသည် ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်တွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ချင်းအမျိုးသားတရပ်လုံး၏ အမျိုးသား တာဝန်တရပ်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။
ထို့ကြောင့် ချင်းအမျိုးသားပြည်သူများအနေဖြင့် အမျိုးသားတည်ဆောက်ရေးနှင့် လုံခြုံရေးအတွက် သမိုင်းပေး တာဝန်များတွင် မိမိကျရာတာဝန်များကို ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်နှင့် လက်တွဲကြပါရန် ဤနှစ်သစ် အခါသမယတွင် သဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်မှူးကြီး လှထွန်း
စစ်ဦးစီးချုပ်၊ ချင်းအမျိုးသားတပ်မတော်
ဝိတိုရိယ ဗဟိုဌာနချုပ်

