
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ ဝိတိုရိယ ဗဟိုဌာနချုပ်
ချင်းအမျိုးသားတပ်မတော်သားများ ပြည်သူနှင့်အတူ ရပ်တည်ကြောင်းပြသ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တစ်နိုင်ငံ လုံးအရေးပေါ်ကြေညာပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူခဲ့မှုကြောင့် တစ်နိုင်ငံလုံးတွင် ဆန္ဒပြမှုများ ကြီးကြီးကျယ်ကျယ် ဖြစ်ပွားလျက်ရှိသည့်နည်းတူ ချင်းပြည်နယ် မြို့နယ်အသီးသီးတွေလည်း ဆန္ဒပြမှုများနှင့် အစိုးရ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကလည်း Civil Disobedience Movement ပြုလုပ်လျက်ရှိပါသည်။
ချင်းအမျိုးသားတပ်ဦး၊ တပ်မတော်သည် ပြည်သူမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူဖက်မှ အမြဲ ရပ်တည်သွားမည်ဖြစ်ပြီး တပ်မတော်မှ နိုင်ငံတော်သိမ်းယူမှုကို ကန့်ကွက်ကြောင်းနှင့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို ထောက်ခံအားပေးကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ချင်းအမျိုးသားတပ်မတော်အနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ထန်တလန်မြို့နယ် တလန်ပီးကျေးရွာ၌ ပြည်သူများနှင့်အတူ ပူးပေါင်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝမရရှိသေးခင်တွင် အခုလို စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ဒီမိုကရေစီလည်း နောက်ကြောင်းပြန်သွားကြောင်း၊ အစိုးရဝန်ထမ်းများအပါအဝင် ပြည်သူလူထုများစွာက နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်လျက် ရှိကြောင်းနှင့် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်သူနှင့် ထပ်တူရပ်တည်ကြောင်း တပ်ဦး၏ ပြောခွင့်ရပုဂ္ဂိုလ် Salai Htet Ni က ပြောကြားပါသည်။
ချင်းအမျိုးသားတပ်မတော်သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်- NCA ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ပြည်သူ့အရေးကို အစဉ်ဦးထိပ်ထား ဆောင်ရွက်လျက်ရှိသည်။
