ချင်းအမျိုးသားတပ်ဦးမှ ကြီးမှူး၍ ချင်းလူငယ် ငြိမ်းချမ်းရေးသင်တန်းကို ၂၀၂၀ နိုဝင်ဘာလမှစတင်၍ ဗဟိုဌာနချုပ်တွင် ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားလူငယ်များဖြင့် အသုတ်လိုက် ကျင်းပပြုလုပ်လျက်ရှိသည်။
ဤသင်တန်းတွင် အဓိကအားဖြင့် လက်ရှိမြန်မာ့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြောင်းလဲနေသော မြန်မာနှင့် ကမ္ဘာ့နိုင်ငံရေးများကို ဒုတိယဥက္ကဋ္ဌ Dr. Lian Hmung Sakhong, Dr. Sui Khar နှင့် အထွေထွေအတွင်းရေးမှူး၊ လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ တာဝန်ရှိသူများက ဆွေးနွေး ပို့ချခဲ့ပါသည်။

ချင်းအမျိုးသားတပ်ဦးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး၍ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ထဲထဲဝင်ဝင် ပါလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပြီး အလွှာပေါင်းစုံမှ ချင်းလူမျိုးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

